macOS Knowledge, Products Review, Reviews

iMac 2021 (M1) Review

iMac 2021

iMac 2021 ကတော့ Completely redesign လို့ ဆိုရလောက်အောင် ပုံစံလုံးဝပြောင်းလဲ လိုက်ပါတယ်။ 1998  ကနေ စထုတ်ခဲ့တဲ့ iMac G3 ခေတ်ကနေ စပြီး ရေတွက်မယ်ဆိုရင် အနှစ် (၂၀) ကျော် သက်တမ်းရှိပြီဖြစ်တဲ့ Desktop Series ဖြစ်ပါတယ်။ နည်းပညာသမိုင်းမှာ အနှစ်(၂၀) ကျော်ထိ အောင်မြင်မှု ထိန်းထားနိုင်တဲ့  Computer ဆိုလို့ iMac တွေပဲ ရှိပါမယ်။ သူနဲ့ ခေတ်ပြိုင် Computer  တွေ ပြတိုက်ထဲ ရောက်သွားပါပြီ။ 1998 မှာ ထုတ်တဲ့ iMac G3 က Transprant Body ကို ရောင်စုံထုတ်ခဲ့ပေမဲ့ အဲ့နောက်ပိုင်းမျိုးဆက်တွေမှာတော့ Aluminum Body ကို တစ်ရောင်ထဲပဲထုတ်ပါတော့တယ်။ အခု 2021 မှာ အရောင် (၇) မျိုးထိ ပြန်လည်ထုတ်လုပ်လိုက်ပါတယ်။

ရောင်စုံချိုချဉ်တွေလို အရောင်တွေနဲ့ ထုတ်ခဲ့တဲ့ ၁၉၉၈ ထုတ် iMac G3

Apple ကို ကျော့ပြန်ရောက်လာတဲ့ CEO Steve Jobs ကို iMac နဲ့ အတူတွေ့ရစဉ်

iMac တွေက Apple Computer ထုတ် Desktop တွေထဲမှာ လူကြိုက်အများဆုံး Desktop Computer ဖြစ်ခဲ့ပါတယ်။ သမိုင်းတစ်လျှောက် ဦးနှောက်အပိုင်းလို့ ပြောလို့ရတဲ့ CPU အားလုံး အသုံးပြုခဲ့ဖူးတဲ့ Computer လို့ ပြောလို့ရပါတယ်။ Apple ထုတ် G3 CPU, Intel ထုတ် Core “i”Series CPU တွေ အားလုံး သုံးခဲ့ဖူးတဲ့ အခု နောက်ဆုံးတော့ Apple ထုတ် “M1″Chip ကို ပြန်လည်အသုံးပြုလာခဲ့ပြီပဲ ဖြစ်ပါတယ်။

iMac 2021 Introduction

iMac Concept

iMac တွေ လူကြိုက်များရတဲ့ အကြောင်းကတော့ Compact ဖြစ်ပြီး နေရာမယူတာ၊ တခါဝယ်လိုက်တာနဲ့ အခြား ဘာမှ ထပ်ဝယ်စာရမလိုတာနဲ့ Design ပိုင်း အရမ်းစွဲဆောင်မှု ရှိတာတွေဖြစ်ပါတယ်။ All in on desktop ဖြစ်တာနဲ့ အညီ Keyboard, mouse တွေပါ ဝယ်ကတည်းက ပါပါတယ်။ မြန်မာနိုင်ငံအနေအထားနဲ့ လျှပ်စစ်ပိုင်းဆိုင်ရာ အဆင်ပြေစေဖို့ UPS ခံသုံးရင်ရပါပြီ။ All in one desktop ဖြစ်လို့ အခြား Computer တွေက နေရာအများကြီးယူနေချိန်၊ iMac ကတော့ အလုပ်စားပွဲပေါ်မှာလဲ Monitor တစ်လုံးစာဘဲ နေရာယူမှာဖြစ်ပါတယ်။

iMac 2021 Design

2020 iMac တွေထိတော်တော်ပါးနေပြီဖြစ်ပေမဲ့ ဒီထက်ပါးအောင်လုပ်နိုင်ဖို့ရာ Intel CPU ကို အသုံးပြုထားလို့ မဖြစ်နိုင်တော့ပါဘူး။ Intel CPU ကPower အရမ်းစားတာများလို့ Cooling fan အကြီးကြီး တပ်ဆင်ထားရပါတယ်။ GPU, RAM, CPU တွေကလဲ Motherboard ပေါ်မှာ တစ်ခုစီတပ်ဆင်တာဖြစ်လို့ Mothernoard (Logicboard) က Size ကြီးပါတယ်။ M1 Chip ကို စတင် ပြောင်းသုံးလိုက်တဲ့ အခါမှပဲ SoC (System on Chip) အနေဖြင့် အစိတ်အပိုင်းအားလုံးကို တစ်ခုပေါင်းပြီးတည်ဆောက်နိုင်လိုက်တဲ့အပြင် အရွယ်ပမာဏလဲ တော်တော်လေးသေးငယ်သွားပါတယ်။ Cooling System အနေဖြင့်လဲ အရွယ်သေးငယ်ပြီး အသံတော်တော်တိုးတဲ့ fan အမျိုးအစားကို သုံးပြီးတည်ဆောက်နိုင်လိုက်ပါတယ်။ fan သံက လူနားနဲ့ မကြားနိုင်လောက်တဲ့ အသံ 10db အောက်မှာပဲ ရှိပါတယ်။

iMac 202iMac 2021
2020 iMac Vs 2021 iMac with M1 Chip

iMac Volume ပိုင်းအနေဖြင့် 50% နီးပါးပိုမို ချုံပြီးတည်ဆောက်လိုက်နိုင်ပါတယ်။ iMac Display အရွယ်ရဲ့ အထူက 11.5mm ပဲရှိပါတော့တယ်။ (1 cm ကျော်တယ်ဆိုရုံလေးပါ)

ရှေ့ပိုင်းမှာတော့ Display အပြည့်မဟုတ်သေးဘဲ Chin လို့ ခေါ်တဲ့ Aluminum ဘောင် (မေးရိုးအပိုင်း)ပါနေတုန်းပါပဲ၊ User တော်တော်များများက အဲ့ဒါလေးပျောက်စေချင်နေကြပါတယ်။ ဒါပေမဲ့ Chin နေရာမှာ အရင် Model လို Apple Logo မပါတော့ပါဘူး။ ဒေါက်တိုင်ကတော့ အရင်ကထက်ပိုထူပိုတောင့်တဲ့သွားပါတယ်။ အရောင် (၇) မျိုးထုတ်ပေမဲ့ Screen Area ကတော့ အဖြူရောင် မှန်သားဘောင်ကွပ်ဖြစ်ပါတယ်။ Body တစ်ခုလုံး အလေးချိန်က (၁၀) ပေါင်လောက်ပဲ ရှိပါမယ်။

Display

Display ပိုင်းက အရင် 21.5” အရွယ်ကိုပဲ ဆက်ခံတည်ဆောက်တာဖြစ်ပေမဲ့ ဘေးဘောင်တွေကျဉ်းသွားတဲ့အတွက် 24” အရွယ်ရှိအောင် ပြုလုပ်ထားပါတယ်။ Resolution အနေဖြင့် 4.5k (4k အကျော်)ဖြစ်ပါတယ်။ ​Brightness အနေဖြင့် 500 nits ဖြစ်လို့ Apple’s Pro Display HDR ထက် နည်းပေမဲ့ ပုံမှန် User အတွက် လုံလောက်နေပါပြီ။ Color ပိုင်းအနေဖြင့် Cinema Grade P3 wide color gamut  ကိုပဲ ဆက်ပြီး Support လုပ်ထားပါတယ်။ Photo, Video Edit အတွက် အကောင်းမွန်ဆုံးဖြစ်နေမဲ့ Display ဖြစ်နေအုံးမဲ့အပြင် one billion colors ကျော်ဖော်ပြနိုင်စွမ်းရှိပါတယ်။

ထူးခြားချက်ကတော့ True tone display နည်းပညာကို iMac မှာ ပထမဆုံး အကြိမ်ပါဝင်လာတာဖြစ်ပါတယ်။ အရင်ကတော့ MacBook တွေမှာပဲ ပါရှိတာဖြစ်ပါတယ်။ True Tone Display က Camera တွေရဲ့ White Balance နဲ့ သဘောတရားအတူတူပဲဖြစ်ပါတယ်။ မိမိသုံးနေတဲ့ ပတ်ဝန်းကျင်အလိုက် Color Temperature ကိုပြောင်းပေတာဖြစ်ပါတယ်။

ဒီ 24” အရွယ် Screen အတွင်းမှာ 11.3 Million Pixel ပါဝင်လို့ ဓါတ်ပုံ၊ Video အပြင် အတွင်းထဲက ကြည့်ရူသမျှ Detail ကောင်းကောင်းမြင်ရမှာ ဖြစ်ပါတယ်။

Power Cable

1080p FaceTime HD Camera

ရှေ့ပိုင်း iMac Model မှာကတည်းက 1080p HD Webcam ကို တပ်ဆင်ထားခဲ့ပါတယ်။ အခု iMac 2021 မှာတော့ M1 Chip ရဲ့ Advanced Image Processor ကြောင့် လက်ရှိ Mac အားလုံးမှာ အကောင်းဆုံး Facrtime HD camer လို့ ပြောနိုင်ပါတယ်။

1080p FaceTime HD Camera (the best camera system ever in a Mac)

Apple M1 Chip မှာပါတဲ့ Neural Engine က Trillion operation per Sec ထိ အလုပ်လုပ်နိုင်တာကြောင့် HD Camera နဲ့ Video Call ခေါ်ဆိုတဲ့ အချိန်မှာ noise reduction, Tone mapping, intelligent exposure and white balance adjustments ကိစ္စတွေကို အသုံးပြုနေတဲ့ အခန်းအနေအထား၊ အလင်းရောင်အလိုက် မြန်ဆန်စွာထိန်းညှိပေးမှာဖြစ်လို့ အကောင်းဆုံး ရုပ်ထွက်ကို ရရှိစေမှာဖြစ်ပါတယ်။

Studio-quality mics

Video Call ခေါ်တဲ့အချိန်ပဲဖြစ်ဖြစ်၊ အသံသွင်းတဲ့အချိန်ပဲဖြစ်ဖြစ်မှာ ကြည်လင်ပြတ်သားတဲ့ အသံကို record ပြုလုပ်လာစေနိုင်ပါတယ်။ ဒီ studio-quality three-mic array က 2020 MacBook တွေမှာကတည်းကတပ်ဆင်ထားပြီသားဖြစ်ပါတယ်။ ပတ်ဝန်းကျင်နဲ့ အခန်းတွင်းက ဆူညံသံတွေကို အသံကူးယူစဉ်မှာ လုံးဝလျှော့ချပေးထားပါတယ်။ Zoom metting လိုမျိုးပြုလုပ်စဉ်မှာ ကိုယ်အသံကိုပဲ တစ်ဘက်မှာ ကြားစေမှာဖြစ်ပြီး ကိုယ့်ပတ်ဝန်းကျင်က အသံကို လျှော့ချပေးပါတယ်။

Six-speaker sound system (Best sound system ever in Mac)

Speaker စနစ်ကိုလဲ လက်ရှိ Mac အားလုံးမှာ အကောင်းဆုံး ဖြစ်အောင် တပ်ဆင်ထားပါတယ်။ ဘယ် Mac Series မှာမှ မရသေးတဲ့ Spatial Audio လို့ ခေါ်တဲ့ ရုပ်ရှင်ရုံထဲမှာကဲ့သို Surrounding System ပါဝင်လာပါတယ်။ Dolby Atmos ပါတဲ့ Video တွေကြည့်ရူတဲ့အခါ Spatial Audio features ရရှိမှာဖြစ်ပါတယ်။ ကောင်းမွန်တဲ့ Display ရယ် ၊ Sound system ရယ်ကြောင့် Video ကြည့်တဲ့အချိန်ကျရင် Theatre  အငယ်စားလေးလို ခံစားနိုင်မှာဖြစ်ပါတယ်။

Speaker အနေဖြင့် တစ်ဘက်ကို ၃ လုံးစီနဲ့ စုစုပေါင်း (၆) လုံးပါဝင်ပါတယ်။ Speaker တွေကို အသေးစိတ် ပြန်ကြည့်မယ်ဆိုရင် Force-Cancelling Woofer ၂စုံ တစ်ဘက်စီမှာတပ်ဆင်ထားပါတယ်။ ​bass သံထုတ်တဲ့အချိန်မှာ အသံကွဲတာ ကြောင်တာ စတဲ့ Distortion တွေမဖြစ်အောင် Balance လုပ်ပေးပြီး အရည်အသွေးကောင်းမွန်တိကျတဲ့ အသံကို ထုတ်ပေးပါတယ်။ ဒီ Speaker ၂ စုံကိုမှ Frequency အမြင့်အသံတွေ ထုတ်လွှတ်ပေးနိုင်တဲ့ Tweeter တစ်ခုနဲ့ အသံကို Balance ပြန်လုပ်ပေးထားပါတယ်။

M1 Chip Performance

M1 Chip ကတော့ အသေးစိတ်ပြောထားပြီးဖြစ်ပါတယ်။ အရင်iMac နဲ့ယှဉ်ရင် 85% Performace ပိုမြန်ပါမယ်။ M1 အတွက် သီးသန့် Universal Apps တွေ သုံးလို့ရမယ်၊ Intel Only Apps တွေ သုံးလို့ရမယ်၊ iOS Apps တွေမှာ imac ပေါ်မှာ Run လို့ရပါမယ်။ ကြီးမှာတဲ့ Screen မှာ Professional သုံးတဲ့ Software  တွေဖြစ်တဲ့ Fina Cut Pro, Davinci Resolve, Xcode နဲ့ Adobe အုပ်စုက software တွေ ကောင်းကောင်းကိုင်တွယ်နိုင်ပါမယ်။

Hasselblad လို Medium format Camera တွေကရိုက်တဲ့ 100Megapixel ပုံတွေကို တခါတည်း ပြည့်ပြည့်ဝဝ ခံစားကြည့်ရူနိုင်ပါတယ်။

Colorful Accessories

ဘူးထဲမှာပါတဲ့ Magic Keyboard နဲ့ Magic Mouse တွေက အရင်လို (၂) ရောင်ထဲမဟုတ်တော့ဘဲ မိမိ ဝယ်တဲ့ iMac အရောင်အတိုင်းဖြစ်လာပါမယ်။ Optional Accessories တွေဖြစ်တဲ့ Magic Trackpad, Magic Keyboard with Numeric Keypad တွေကလဲ iMac နဲ့ Match ဖြစ်တဲ့ အရောင်တွေကို မှာယူနိုင်ပါတယ်။ ထူးခြားချက်ကတော့ Magic Keyboard က Basic model မှာ မပါဝင်ပေမဲ့ အခြား Model ၂ ခုမှာတော့ Touch ID ပါတဲ့ Magic Keyboard နဲ့ ရရှိနိုင်ပါပြီ။ Desktop တွေမှာ ပထမဆုံး Touch ID အသုံးပြုတာလဲဖြစ်ပါတယ်။

I/O port

iMac M1 24” 2021 ကို Logic Board ကို ကြည့်ပြီး ပြောရင် Model (၂)မျိုးထုတ်ပါတယ်။ Spec အရပြောရင်တော့ Model (၃) မျိုးရှိပါတယ်။ Model အလိုက် I/O Port ပါတာ မတူပါဘူး။ Port များများ ပါတာ လိုချင်ရင်တော့ အမြင့် Model ၂ ခုထဲ တစ်ခုကို ရွှေးချယ်ရပါမယ်။

Slide ကို ဆွဲပြီး ယှဉ်ကြည့်ပါ။

Basic Model မှာ Thunderbold 3 Port (၂) ပါဝင်ပြီး Type C port  နဲ့လဲ တူပါတယ်၊ ဒီ Port တွေကို USB Function အနေဖြင့် ကြည့်ရင်တော့ USB 4 port နဲ့ Functionတူပါတယ်။ Thunderbolt သင်္ကေတ ဖြစ်တဲ့” ⚡︎” ပုံကို Port မှာ ပြပေးပါမယ်။ ဒီ Port တွေကနေပဲ Apple Pro Display XDR 6K လို Monitor မျိုးကို 60Hz နဲ့ အသုံးပြုနိုင်ပါတယ်။ Thunderbolt 2 Function ကိုလဲ သက်ဆိုင်ရာ Adapter ဝယ်ယူပြီးအသုံးပြုနိုင်ပါတယ်။

Data Transfer အနေဖြင့် 40Gb/s နဲ့ ကူးယူနိုင်ပါတယ်။ HDMI, DVI, VGA Function တွေကိုလဲ ထုံးစံအတိုင်း Adapter တွေ ခံပြီး သုံးနိုင်ပါတယ်။

Model အမြင့် iMac 2021 မှာတော့ USB 3.1Gen 2 (၂) ပေါက် ထပ်အပိုပါပါတယ်။ New MacBook 12”, iPad Pro တုန်းကနဲ့ Functionတူပါတယ်။ Data Transfer Speed   ကတော့ 10gb/s ဖြစ်ပါတယ်။ i/o port များများပါတာ သုံးချင်သူများကတော့ Model အမြင့် (၂) ခုကို ရွှေးချယ်ရပါမယ်။ ဒီ အမြင့် Model ၂ ခုမှာပဲ Charger Adapter မှာ 10Gb/s Speed ရှိတဲ့ Ethernet Port ထပ်ပါပါမယ်။

Body Color

Blue, Green, Pink,Silver (၄)ရောင်ကတော့ iMac Model အားလုံးမှာ ရနိုင်ပေမဲ့ Orange, Yellow, Purple အရောင်တွေကတော့ Model အမြင့် ၂ ခုမှာပ​ဲ ရနိုင်ပါမယ်။

Customized လုပ်နိုင်ခွင့်

အခု iMac တွေက အရင်လိုဝယ်ယူပြီးတာနဲ့ Customized လုပ်ခွင့်မရှိတော့ပါဘူး။ မဝယ်ယူခင် ဘယ်လို အဓိကသုံးမလဲ ဆိုတာကို စဉ်းစားပြီးရွှေးချယ်ရပါမယ်။ SoC ထဲက Memory ကလဲ Unified Memory ဖြစ်ပြီး 16Gb ထိမြှင့်ခွင့်ရှိပါတယ်။ Unified Memroy Default 8Gb က တကယ့်လက်တွေ့ သုံးတဲ့အချိန်ပုံ မှန် DDR4 Memory 16Gb ရဲ့ Performance  ကို ကျော်လွန်နေပါသေးတယ်။

Storage အပိုင်းအနေဖြင့် Onboard SSD 2TB ထိ Customized လုပ်နိုင်ပါတယ်။

နောက်တစ်ခုကတော့ သိပ်တော့ မသုံးတာဖြစ်နိုင်ပေမဲ့ iMac ကို ပုံမှန်ထောက်တိုင်နဲ့ မသုံးဘဲ Pro Display HDR လို VESA Mount Adapter နဲ့ မှာယူနိုင်ပါတယ်၊Wallmount ကတော့ သပ်သပ်ပြန်ဝယ်ရပါမယ်၊ နံရံမှာ ကပ်ပြီး ချိတ်သုံးချင်သူများအတွက်….

iMac 2021 with VESA mount

What in the box (eg. in Blue Color iMac)

Dr.Zaw Zaw (Dr.Mac)

Apple Certified Mac Technician